Skip to main content

Hand to Hand Charity ဆိုတာ ဘာလဲ?

A story published at Bamboo Delight Magazine 

(Minn) Myoh Minn Oo

Hand to Hand Charity Myanmar သည် ညောင်ရွှေမြို့ အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခု၊ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၂၀၁၃ တွင် ဒေါ်ရီရီမင်း (ခ) မပူဆူးမှ စတင်တည်ထောင်ခဲ့ပြီး ၂၀၂၃ တွင် (၁၀) နှစ်ပြည့်မည်ဖြစ်ပါသည်။ စတင်တည်ထောင်စဉ် ပထမဆုံးသော စတင်လုပ်ဆောင်သည်မှာ စာကြည့်တိုက်နှင့်နွေရာသီကျောင်းကို မိမိနေအိမ်တွင် ဖွင့်လှစ်ခဲ့ပြီး မြို့တွင်း ရပ်ကွက်တွင်း ကလေးသူငယ်များ၊ လူငယ်များ နှင့် လူကြီးများပါမကျန် စာအုပ်များ ငှားရမ်းပေးခဲ့ပြီး နွေရာသီတိုင်းတွင်လည်း ပြည်တွင်းပြည်ပမှ လုပ်အားပေး ဆရာ၊ဆရာများဖြင့် ကလေးများအား English စာ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးခဲ့ပါသည်။ 

တည်ထောင်သူ Sue နှင့် ကလေးများ၊ Volunteers ‌အား တွေ့ရစဉ် 

Hand to Hand Charity Logo တွင် လက်နှစ်ဖက်ကို မြင်ရမှာဖြစ်ပြီး အပေါ်က လက်ကလေးသည် ပေးကမ်းသူ၏လက်ဖြစ်ပြီး အောက်ကလက်ကလေးသည် ရယူသူ၏ လက်ဖြစ်ပါသည်။ လက်နှစ်ဖက်၏ အလယ်တွင် အသည်းပုံသဏ္ဍန် ချစ်ခြင်းမေတ္တာတည်ရှိပြီး ပေးကမ်းသူနှင့်ရယူသူကြားထဲမှာ ချစ်ခြင်းမေတ္တာကို အပြန်အလှည်မျှဝေရင်း ဒီအရာက အစစ်အမှန် ပျော်ရွှင်စရာကောင်းကြောင်း သိစေလိုသည့် အဓိပ္ပါယ်လေးဖြစ်ပါသည်။ 


Hand to Hand Charity Logo

ဒီlogoလေးကို ထားရှိရခြင်းနှင့်ပက်သက်၍ ကျွန်မ “၂၀၀၅ ခုနှစ်လောက်မှာ သမီးကြီး'ရှုမငြီး' ကို မူကြိုပို့တဲ့အရွယ် ဂျူလှိုင်လမှာ မနက်ကျောင်းသွားပို့ခါနီး သမီးက ဗလာစာအုပ်မရှိဘူး၊ ကျောင်းမှာလိုတယ်ဆိုပြီး ပြောလာတယ်၊အဲဒီအချိန်ကိုယ့်မှာလည်း ဝယ်ပေးဖို့ပိုက်ဆံမရှိဘူး၊ ကျောင်းသွားခါနီးမှ ပြောတာလည်းဖြစ်တာကြောင့် ဘယ်နားသွားရှာပြီး အကူအညီတောင်းရမလည်းမသိနဲ့ အခက်တွေ့ခဲ့ရတယ်။ပထမတော့ အဲဒီစာအုပ်လေးမရရင် ငါ့သမီးကျောင်းမသွားရတော့ဘူးဆိုပြီး အရမ်းစိတ်ညစ်သွားတယ်။ဒါပေမဲ့နောက်တော့ တွေးမိတာက စာအုပ်မပါလည်း ကျောင်းပို့မယ်ဆိုပြီး တွေးမိပြီးကျောင်းသွားပို့ခဲ့တယ်။ ကျောင်းသွားပို့တဲ့လမ်းမှာ ဈေးနားမရောက်ခင် နန္ဒဝန်ဟိုတယ်ရှေ့လေးမှာ နိုင်ငံခြားသူတယောက်က လမ်းမှာဖြတ်သွားနေတဲ့ကလေးတွေကို ဗလာစာအုပ်လေး တွေဝေနေတာတွေ့လိုက်တယ်။ ဗလာစာအုပ်လေးတွေ တဒါဇင်လောက်ရှိမယ် တစ်ယောက်တစ်စ်အုပ် လက်ဆောင်ပေးနေတာ။ ကျွန်မတို့ကလည်း စာအုပ်လေးတွေမြင်တော့ စက်ဘီးကိုရပ်လိုက်တယ်၊ နိုင်ငံခြားသူကလည်း ကလေးကိုမြင်လို့ လှမ်းတားပြီး စာအုပ်လေးပေးတော့ ကျွန်မတို့ သားအမိနှစ်ယောက်လည်း အရမ်းဝမ်းသာသွားခဲ့တယ်။”


ကျွန်မအနေဖြင့် “သူ့ကိုလည်း အရမ်းကျေးဇူးတင်တယ်၊ အဲဒီအချိန် ကိုယ်တကယ်လိုအပ်နေတာက တခြားအရာမဟုတ်ဘူး၊ စာအုပ်လေးပဲမို့ ဒီစာအုပ်လေးရတော့ အရမ်းပျော်ပြီး သမီးကိုကျောင်းဆက်ပို့တယ်။ ကျောင်းကရွှေနီကုန်းမှာဆိုတော့ ဆက်သွားရသေးတော့ ကျန်နေတဲ့လမ်းတစ်လျောက်မှာ သားအမိ(၂)ယောက်လုံးက တက်ကြွပျော်ရွှင်ပြီး သီချင်းလေးငြီးပြီး ဆက်သွားခဲ့တာ။ စာအုပ်မရခင်အချိန်တုန်းက အရမ်းစိတ်ညစ်ပြီး တိတ်ဆိတ်နေခဲ့တာ၊ သမီးကိုကျောင်းမှာပို့ခဲ့ပြီး အပြန်လမ်းမှာ ဘာကိုတွေးမိလည်းဆိုတော့ 'လောကမှာတချို့လူတွေအတွက် သေးငယ်တဲ့လိုအပ်ချက်ဖြစ်လိမ့်မယ် တချို့လူတွေအတွက်ကတော့ ကြီးမားတဲ့လိုအပ်ချက် ဖြစ်နေတတ်တယ်။ ကိုယ်ကသေးသေးလေးလုပ်ပေးလိုက်ရပင်မဲ့ သူတို့အတွက် ကူညီမှုအကြီးကြီးဖြစ်နေတတ်တယ်။ အဲဒါကြောင့် တစ်နေ့ကျရင် ငါလည်း နိုင်ငံခြားသူလေးလို သူများရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့သူ၊ အခုလို လိုအပ်ချက်သေးသေးလေးဖြစ်နေပင်မဲ့လည်း ဖြည့်ဆည်းပေးတဲ့သူဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။”


အဲဒီလိုနဲ့ ၂၀၀၅ခုနှစ်ကနေစတင်ပြီး ကြံဖန်တွေး‌တောလာရင်း ၂၀၁၃ ခုနှစ်ရောက်တော့ ကိုယ်ပိုင်ပရဟိတလေး စလုပ်ဖြစ်ခဲ့တယ်။ကိုယ်ပိုင်ဝင်ငွေနဲ့ပရဟိတစလုပ်တာဆိုတော့ အဲဒီပရဟိတအတွက် နာမည်လေးပေးဖို့လိုလာတယ်။ ဘယ်လိုပေးရမလည်းဆိုပြီးစဉ်းစားတော့ အဲဒီ၂၀၀၅ခုနှစ်တုန်းက အဖြစ်အပျက်လေးကြောင့် ခုလိုပရဟိတလုပ်ဖို့ အတွေးရလာတာရော၊ ကိုယ်လိုနေတဲ့စာအုပ်လေးပေးပြီး ကူညီပေးခဲ့တဲ့နိုင်ငံခြားသူလေးရဲ့ ကျေးဇူးကို သတိရတာရော၊ ပြီးတော့ ကိုယ့်တုန်းကလို လိုအပ်ချက်ရှိတဲ့ သူတွေကိုလည်း သတိရတဲ့အတွက် ပညာရေးကိုပဲ အထောက်အပံ့ပေးဖို့ လုပ်ခဲ့ပါသည်။ 

သူများပေးလို့ အမှန်တကယ်လိုအပ်နေတဲ့အချိန်မှာ ကိုယ်ရရှိခဲ့ရတဲ့ အကူအညီ၊ ခံစားချက်ကို အမြဲသတိရတယ်၊ ပြန်တွေးတိုင်းကြည်နူးမိတယ်၊ ဒီခံစားချက်ကိုသတိတရနဲ့မို့ တနေ့ကျရင် ကိုယ်လည်းသူများကို ပေးတဲ့လက်ဖြစ်ရမယ်လို့တွေးတယ်။ ကိုယ့်လက်နဲ့လက်ခံရယူခဲ့ဖူးတဲ့ အမှတ်တရအဖြစ်အပျက်လေးနဲ့ ကိုယ်ကပြန်ပေးတဲ့အဖြစ်ကို ပြန်လည်ဖန်တီးတဲ့အနေနဲ့ Hand to Hand ဆိုပြီးပေးဖြစ်ခဲ့တယ်။အဲဒီအပေါ်က လက်ကလေးက နိုင်ငံခြားသူကဲ့သို့ တစ်ပါးသူများကို ကူညီကူညီပေးကမ်းတဲ့လက်ကလေး၊အောက်က လက်ကလေးက ရယူတဲ့လက်ကလေးကို ကိုယ်စားပြုတယ်၊ အလယ်က အသည်းပုံလေးကတော့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတာပါ။ ပေးကမ်းတဲ့သူနဲ့ရယူတဲ့သူရဲ့ကြားက ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီပေးကမ်းတာက ပိုပြီးအဓိပ္ပာယ်ရှိတယ်။ ပိုပြီးကြည်နူးရပါတယ်။ အဲဒီအဓိပ္ပာယ်လေးနဲ့ 'Hand to Hand' ဆိုပြီးပေးဖြစ်ခဲ့တာပါ။


လက်ရှိ Hand to Hand Charity Myanmar လက်အောက်မှာ Bamboo Delight Continuous Education Project, Bamboo Delight Library, Bamboo Delight Summer School, Bamboo Delight Summer Youth Camp, Eco-Warriors နှင့် Bamboo Delight Magazine စသည့် ပရောဂျက်များကို လုပ်ဆောင်လျက်ရှိပါသည်။