"W.E.D အကြောင်း တစ်စေ့တစောင်း"
စိုင်းဝေထွန်း၊ သဲနုလှိုင်၊ ပြည့်ပြည့်စိုး
Winner of Poster Campaign, World Environment Day 2024
World Environment Day ဆိုတာကို လူတော်တော်များများကြားဖူးကြမှာပါ။ World Environment Day ဆိုတာ မြန်မာလိုဆိုရင်တော့ ကမ္ဘာပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတိုင်းမှာ နှစ်စဉ် June လ 5 ရက်နေ့ကို World Environment Dayအဖြစ် သတ်မှတ်ထားပါတယ်။
အဲ့ဒါကြောင့် ဒီနေ့မှာတော့ ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ World Environment Dayရဲ့ ဖြစ်ပေါ်လာပုံ၊ ပျံနှံ့လာပုံနဲ့ အဲ့ဒီနေ့မှာပြုလုပ်ကြတဲ့ အခမ်းအနားတွေအပြင် အဲ့ဒီနေ့ကိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကိုပါ ပြောပြပေးသွားမှာပါ။
၁၉ရာစုအလွန် ၂၀ရာစု အစောပိုင်းကာလတွေ အရောက်မှာတော့ လူတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပိုမိုအားနည်းလာခဲ့ပြီး ကမ္ဘာကြီးဟာ ပိုမိုညစ်ညမ်းလာခဲ့ပါတယ်။ အဲ့ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရာ အသိပညာပေးမှုတွေကို ကမ္ဘာအနှံ့မှာ ပိုမိုလုပ်ဆောင်လာနိုင်ဖို့အတွက် ၁၉၂၇ ခုနှစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပတဲ့ ကုလသမ္မဂအထွေထွေညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးတဲ့ ဇွန်လ ၅ ရက်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၇၃ ခုနှစ်ကစတင်ကာ အဲ့ဒီနေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အဲ့ဒီနေ့ ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှစ်စဉ်နှစ်တိုင်းမှာ ကမ္ဘာကြီးဟာ ပိုမိုပူနွေးလာနေပြီး သစ်တောပြုန်းတီးမှုတွေ၊ ရှားပါးမျိုးစိတ်တွေ မျိုးတုံးသွားတာတွေ၊ ရာသီဥတုမမှန်တာတွေကို တားဆီနိုင်ဖို့ရာ အသိပညာပေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး ဆောင်ပုဒ်တစ်ခုစီရှိကြပါတယ်။ ဒီနှစ် ၂၀၂၄ ခုနှစ်ရဲ့ ဆောင်ပုဒ်တွေကတော့ "မြေယာပြန်လည်ထူထောင်ရေး၊ ကန္တာရများတိုးပွားလာမှုလျော့ချရေးနဲ့ မိုးခေါင်ရေရှားဖြစ်မှုကို ခုခံနိုင်ရေး" စတာတွေပဲဖြစ်ပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်တဲ့ ဒီနေ့လိုနေ့မျိုးမှာ လူတိုင်းက အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ကြပါတယ်။ များသောအားဖြင့် ဒီနေ့လိုနေ့မျိုးမှာ သစ်တောပြုန်တီးမှုကို တိုက်ဖျက်ဖို့၊ ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချဖို့နဲ့ တိရစ္ဆာန်လေးတွေအတွက် နေစရာနေရာတွေ ဖန်တီးပေးဖို့ဆိုပြီး သစ်ပင်တွေကို စိုက်ပျိုးကြပါတယ်။ အဲ့ဒါအပြင် Reduce, Reuse, Recycle ဆိုတဲ့ နည်းနာအတိုင်း စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတာမျိုးတွေလည်း လုပ်ကြသလို ဒေသထွက် အော်ဂဲနစ်သီးနှံတွေကို ဝယ်ယူတာတွေ၊ ရွာတွေမှာလိုက်ပြီး ပလက်စတစ်လျော့ချရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျော့ချရေးနဲ့ပတ်သတ်ပြီး အသိပညာပေးတာတွေကို လုပ်ဆောင်ကြပါတယ်။
World Environment Day ဟာ ကျွန်မတို့ကမ္ဘာကြီးရဲ့ အလှတရားတွေ၊ မတူကွဲပြားမှုတွေနဲ့ တောတောင်ရေမြေ သဘာဝရှုခင်းတွေကို ဂုဏ်ပြုတဲ့နေ့တစ်နေ့ဖြစ်ပြီး ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ပြန်လည်မြင်ယောင်ကြတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ကျွန်မတို့ကမ္ဘာကြီး အရင်လိုပြန်ပြီး စိမ်းလန်းစိုပြေသန့်ရှင်းလာဖို့ဆိုရင် ကျွန်မတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဖို့လိုပြီး၊ အတူတကွပူးပေါင်းကာ သန့်ရှင်းထိန်းသိမ်းမှုတွေ၊ ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ နောင်လာနောက်သားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုဖြစ်စေဖို့ ကျွန်မတို့အနေနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ကြဖို့တိုက်တွန်းရင်း ကျွန်မရဲ့ဆောင်းပါးကို ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်ရှင်။